“ညီနောင်မဟာမိတ် (၃)ဖွဲ့ ဘာကြောင့် ကျောက်တုံးကို ကြက်ဥနဲ့ သွားထုရတာလဲ”

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပွဲများသည် ရာစုနှစ်ဝက်ကျော်ကြာ ရှိလာခဲ့ပြီဖြစ်သည်။ လက်ရှိ ဆယ်နှစ်တာ ကာလအတွင်း ပြည်တွင်းစစ် အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားလာရသော အကြောင်းအရင်းမှာ ၂၀၀၉ ခုနှစ်တွင် မြန်မာ့တပ်မတော်သည် ရှမ်းပြည်နယ် အထူးဒေသ (၁) ရှိ MNDAA အဖွဲ့ကို စတင်ကြံစည် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ကိုးကန့်ဒေသကို တိုက်ခိုက်ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကချင်ပြည်နယ်ရှိ KIA အဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ဆက်လက်၍ မြန်မာ့တပ်မတော်သည် ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းဒေသ၊ ရခိုင်ဒေသတို့တွင် တိုက်ပွဲများကို ရှေ့ဆင့် နောက်ဆင့် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ပွဲများ ဆယ်နှစ်ကျော်ကာလကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲဖြစ်ပွားသောနေရာများသည် လူနည်းစု တိုင်းရင်းသားတို့ မှီတင်းနေထိုင်ရာ ဒေသများတွင် ဖြစ်သည်။ တိုက်ပွဲ၏အကျိုးဆက်အနေဖြင့် တိုင်းရင်းသား တို့သည် မိမိတို့၏ဒေသများမှ အခြားဒေသများသို့ စစ်ဘေးရှောင်ဘဝများဖြင့်သာ ပြောင်းရွှေ့နေထိုင် လုပ်ကိုင် စားသောက်နေကြရသည်။

မိမိတိုင်းရင်းသားမျိုးနွယ်စုများ ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုတိုက်ပွဲဝင်နေကြသော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း  မြန်မာ့အစိုးရတပ်မတော်၏ ထိုးနှက်ဥပက္ခာပြုခြင်းကို ခံနေခဲ့ရသည်။

ဒီလို တန်းတူညီမျှမှုမရှိတဲ့ နိုင်ငံရေးလှည့်ကွက်များကြားတွင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများသည် မြန်မာ့တပ်မတော်၏ အသုံးချခံဘဝဖြင့် ကစားခံနေရသည်။ တိုင်းရင်းသားမျိုးနွယ်စုများ၏ တန်းတူအခွင့်အရေးတောင်းဆိုမှုများကိုလည်း မြန်မာအစိုးရနှင့် မြန်မာစစ်ခေါင်းဆောင်များက အလေးမထားပေ။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့ကို ထိန်ချန် ပစ်ပယ်ထားခဲ့သည်။ များသောအားဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းထဲတွင် ဖျော်ဖြေရေးရုပ်သေးရုပ်တစ်ခုမျှသာ ဖြစ်နေခဲ့ရသည်။

တိုင်းရင်းသားမျိုးနွယ်စုတို့သည် မိမိတို့၏ အခွင့်အရေး၊ တရားမျှတမှုရရှိရေး၊ ပင်လုံကတိကဝတ်အရ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး စသည်တို့အတွက် နိုင်ငံရေး၊ စစ်ရေး မမျှတတဲ့အောက်မှာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဝင် ရင်ဆိုင်နေရခြင်းဖြစ်သည်။ အများအမြင်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတစ်နိုင်ငံနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေရသည်မှာ “ကြက်ဥက ကျောက်တုံးကြီးကို ဝင်ထုသကဲ့သို့” ကြေမွသေပွဲဝင်ရမည့် ကိန်းဖြစ်သည်။

သို့သော်ငြားလည်း ယခုတိုက်ပွဲဝင်ရခြင်းမှာ တိုင်းရင်းသားတို့၏ ဇာတိမာန်စိတ်ဓာတ်ကို ရှင်သန်စေသည့် လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ရှုမြင်မိပါသည်။ မိမိတို့ မှီခိုနေထိုင်ရသည့် ဒေသများ ဆက်လက်ရှင်သန်ခွင့်ရရှိရေးနှင့် နိုင်ငံရေးအရ ပြောဆိုလုပ်ပိုင်ခွင့် ရရှိရေးအတွက် တိုင်းရင်းသားမျိုးနွယ်စုများတွင် လက်နက်ကိုင် တော်လှန်တိုက်ပွဲ ဝင်ရုံမှအပ အခြားရွေးချယ်စရာနည်းလမ်း မရှိတော့ပေ။

ဩဂုတ်လ ၁၅ ရက် တိုက်ပွဲကို သုံးသပ်ကြည့်ပါက ညီနောင်မဟာမိတ် (၃)ဖွဲ့တို့သည် မိမိတို့၏ နိုင်ငံရေးအခွင့်အရေး များအတွက် တိုက်ပွဲဝင်ကြသည်ကို ထင်ဟပ်စေပါသည်။ ယခုကဲ့သို့ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် မြန်မာ့တပ်မတော်၏ တပ်စခန်းများကို သွားရောက်တိုက်ခိုက်ရခြင်းမှာ “ကြက်ဥက ကျောက်တုံးကို ဝင်တိုက်သည်”မဟုတ်ပေ။ မိမိတို့ တိုင်းရင်းသားမျိုးနွယ်စုတို့ အဖိနှိပ်ခံဘဝကို ပြန်လည်ခုခံတိုက်ခိုက်ခြင်းသာ ဖြစ်သည်။ မြန်မာ့တပ်မတော်၏ တိုင်းရင်းသားမျိုးနွယ်စုဒေသများတွင် ဖိနှိပ်ရမ်းကားခြင်းများကို သည်းမခံနိုင်သည့် အဆုံး ညီနောင်မဟာမိတ် (၃) ဖွဲ့သည်လည်း မြန်မာပြည်အတွင်းပိုင်းရှိ စစ်စခန်းများကို ပြန်လည်တုံ့ပြန် တိုက်ခိုက်နိုင်စွမ်းရှိသည်ကို ပြသခြင်းလည်း ဖြစ်သည်။

“အဘယ်ကြောင့် ညီနောင်မဟာမိတ် (၃) ဩဂုတ်လ (၁၅)ရက်တိုက်ပွဲကို ဆင်နွဲရသနည်း”

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မြန်မာ့တပ်မတော်သည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်အပါအဝင် စစ်တိုင်းကြီး ၅ တိုင်းအား တစ်ဖက်သတ် စစ်ရပ်စဲရေးထုတ်ပြန်ကြေညာခဲ့သော်လည်း ရခိုင်ပြည်အတွင်းသို့ စစ်အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းနေသည့် အကြံအစည်ကို တွေ့မြင်ခဲ့ရသည်။ မြန်မာ့တပ်မတော်သည် ရခိုင်စစ်ပွဲတွင် မိမိတို့ထင်ထားသလောက် ရလဒ်ကောင်းများမရရှိသဖြင့် ဆက်လက်ပြီး တအာင်းနှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့အစည်းများသို့ ပစ်မှတ်ထားကာ တိုက်ပွဲများဖော်ဆောင်လာခဲ့သည်။

“မိမိတို့ မှီတင်းနေထိုင်ရာဒေသကို ဖိနှိပ်တိုက်ခိုက်ခံရလျှင် မည်သို့ ပြန်မည်နည်း”

မိမိတို့တိုင်းရင်းသားများ ဖိနှိပ်တိုက်ခိုက်ခံနေရလျှင် ပြန်လည်ခုခံမှုပြုလုပ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပါ။ ထို့ကြောင့် ဩဂုတ်လ ၁၅ ရက် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။ ယခုစစ်ပွဲသည် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ အရိုးကြေကြေ၊ အရည်ခမ်းခမ်း တိုက်ခိုက်ရမည့် စစ်ပွဲတစ်ခု ဖြစ်ပါသည်။ AA အဖွဲ့ကို လေ့လာကြည့်လျှင် မြန်မာ့တပ်မတော်သည် စဉ်ဆက်မပြတ် AA အဖွဲ့ကို ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်နေရာ အသက်ရှူချိန်ပင် ရမည်မဟုတ်ပေ။ ထို့ကြောင့် ဒုတိယအစီအစဉ် (Plan B) ကို ကြံစည်မှသာ အသက်ရှင်ခွင့် ရမည် ဖြစ်သည်။ တအာင်းနှင့် ကိုးကန့်ဒေသတို့တွင်မူ ဆက်လက်ရှင်သန်ရန် နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ရာ အကယ်၍ မခုခံမတွန်းလှန်လျှင် ကံဆိုးမိုးမှောင်ကျတော့မည့် အခြေအနေဖြစ်ပါသည်။

အထက်ပါ အကြောင်းအရာများကို ခြုံငုံလေ့လာသုံးသပ်ကြည့်မည်ဆိုပါက တိုင်းရင်းသားမျိုးနွယ်စုတို့သည် မိမိ သေရေးရှင်ရေးအတွက် “ရဲသော်မသေ သေသော်ငရဲမလား” အခြေအနေသို့ ရောက်ရှိနေပြီး ကြက်ဥဖြင့် ကျောက်တုံးကို သွားထုသကဲ့သို့ ခုခံမှသာ သက်သာခွင့်ရရှိမည် ဖြစ်သည်။ မြန်မာ့တပ်မတော် တပ်စခန်းသို့ သွားရောက်စစ်ပွဲဆင်နွှဲမှသာ မိမိတို့တိုင်းရင်းသား မျိုးနွယ်စုများ၏ အခွင့်အရေးတောင်းဆိုမှုကို သက်ဆိုင်ရာက အလေးထားမည် ဖြစ်သည်။ ကံဆိုးမိုးမှောင်ကျမည်ကို စောင့်ဆိုင်းနေမည့်အစား ခုခုံတိုက်ခိုက်မှသာ အသက်ရှင်ခွင့် ရမည်ဖြစ်သည်။

ညီနောင်မဟာမိတ်(၃) ဖွဲ့ဆင်နွှဲသော ဩဂုတ်လ ၁၅ ရက်နေ့တိုက်ပွဲသည် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် အကူးအပြောင်းအခြေအနေသို့ ပို့ဆောင်ပေးမည့် စစ်ပွဲတစ်ခုဟု ယူဆနိုင်ပါသည်။ ယခုတိုက်ပွဲရလဒ်မှစပြီး လက်နက်ကိုင် တိုင်းရင်းသားမျိုးနွယ်စုများ၏ အခွင့်အရေးများကို အလေးထားလာမည် ဖြစ်သည်။ အကယ်၍ စစ်အင်အား လက်နက်အင်အားကိုသာ အသုံးပြု၍ ဆက်လက်ဖိနှိပ်နေပါက နောက်စစ်ဖြစ်ရာဒေသများမှာ မန္တလေး၊ လားရှိုးသာမက အခြားဒေသများသို့လည်း ပျံ့နှံ့သွားနိုင်ပြီး ညီနောင်မဟာမိတ် (၃)ဖွဲ့တွင်လည်း ကိုးကန့်၊ တအာင်း၊ ရခိုင် သုံးဖွဲ့တည်းသာမဟုတ်တော့ပဲ အခြားအဖွဲ့များစွာပါဝင်လာနိုင်ပါတော့သည်။

ချီဟန်းရှိန်း (ကိုးကန့်လူငယ်တစ်ဦး)
Translate »