မြန်မာ့တပ်မတော်သား နှစ်ဦးမှ ကိုးကန့်အမျိုးသမီးတစ်ဦးအား အတင်းအဓမ္မပြုကျင့်

မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် (အထူးဒေသ-၁) ဟုန်ရှင်းမြို့နယ် ဒေသအာဏာပိုင် သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဟုန်ရှင်းမြို့နယ်၊ မော်ထိုက်ကျေးရွာအုပ်စု တာဆည်ဆူးရွာ၌ ဒေသအခြေစိုက် မြန်မာတပ်မတော်သားနှစ်ဦးသည် မွန်းလွဲအချိန်တွင် ရွာခံအမျိုးသမီးတစ်ဦးအား အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။
၎င်းနေ့ရက်မွန်းလွဲအချိန်တွင် မြန်မာ့တပ်မတော်သားနှစ်ဦးသည် ကင်းလှည့်လည်ရာမှ ရွာအတွင်းရှိ အိမ်၌တစ်ဦးတည်းရှိနေသော ဒေသခံအမျိုးသမီးထံ ဝက်သားတောင်းယူခဲ့သည်။
ဝက်သားရရှိပြီးနောက် ၎င်းတို့နှစ်ဦးသည် အမျိုးသမီးအိမ်မှ မထွက်ခွာဘဲ တစ်နာရီကျော်ကျော်ခန့်အိမ်ထဲနားနေရာ အမျိုးသမီးတစ်ဦးတည်း အိမ်ထဲမှာရှိနေသည်ကို ရိပ်မိ၍ ၎င်းအိမ်ရှင်အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးက အော်ဟစ်အကူအညီတောင်းခံရာ ပတ်ဝန်းကျင်ရှိ စာသင်ကျောင်းမှ စာသင်သားအသံများကြားသဖြင့် မြန်မာ့တပ်မတော်သားနှစ်ဦးသည် ထွက်ပြေးသွားသည်ဟုသိရသည်။
ထို့နောက် ၎င်းအမျိုးသမီးက မိသားစုများထံ ဖုန်းဆက်အကူအညီတောင်းခံရာ မိသားစုဝင်များရောက်ရှိလာပြီး ၎င်းတပ်ရင်းထံ သွားရောက်တိုင်ကြားခဲ့သည်။ ထိုသို့တိုင်ကြားမှုကြောင့် တာဝန်ရှိသူတစ်ဦးမှ တရုတ်ငွေ ၂၀၀ ယွန်နှင့် ဆန်တစ်အိတ်အား ၎င်းအမျိုးသမီးအိမ်သို့ သွားရောက်ပို့ဆောင်ပေးပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုအတွက် တစ်စုံတစ်ရာဖြေရှင်းချက်မပေးခဲ့ပေ။
အထက်ပါကိစ္စရပ်များ ကိုးကန့်ဒေသအတွင်း အရင်ကလည်း မကြာခဏ ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမြန်မာ့တပ်မတော်၏ အာဏာရှိပြီးထင်ရာစိုင်းပြီး ငြိမ်းခြောက်မှုများရှိနေသောကြောင့် ဒေသခံများမှာ တစ်စုံတစ်ရာထုတ်ဖော်ပြောခြင်းမရှိဘဲ ရေငုံနှုတ်ပိတ် နေခဲ့ရကြရသည်။
ထို့ကြောင့် ယခုကဲ့သို့ အဓမ္မမှုများ မဖြစ်ပွားရအောင် မြန်မာ့တပ်မတော်အခြေချနေထိုင်သော ဒေသတိုင်းမှာ ပြည်သူလူထုများအနေဖြင့် တစ်ယောက်တည်းနေထိုင်၊ သွားလာမှု များအား ထူးသတိရှိရမည် ဖြစ်သည်။