20200525100729

ဖုန်ကြားရှင်၏ ကိုယ်ရေးမှတ်တမ်း

မဟာမိတ်တပ်၏ တပ်မှူး ဖုန်ဒယ်ရိန်မှ အဖေဖြစ်သူ ဖုန်ကြားရှင်၏ ခက်ခဲကြမ်းတမ်းသည့် ဘဝဇာတ်ကြောင်းနှင့် ညီအစ်ကိုမောင်နှမသားချင်းအပေါ် ညွှန်ကြားသင်ပြမှုအပေါ် အလေးထား ပုံကို ပြောပြခြင်း

ကောက်နှုတ်ချက်《 ဖုန်ကြားရှင်၏ကိုယ်ရေးမှတ်တမ်း》အခန်း(၆) ဖုန်ဒယ်ရိန်မှ အဖေအကြောင်း ပြောကြားခြင်း

|တပ်ဖွဲ့နှင့်အတူ တရုတ်ပြည်သို့သွားရောက်ပညာသင်ယူခဲ့သည်

 ၁၉၆၇ခုနှစ် ဂျူလိုင်လတွင် စတင်ချီတတ်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့ တရုတ်ပြည်ထဲကို အမှန် တကယ်ဝင်ရောက်သည့်လမှာ သြဂုတ်လဖြစ်သည်၊ (အတန်ကြာနှုတ်ဆိတ်သွားသည်)။ တရုတ် ပြည်ထဲကို ကျွန်တော်တို့ မဝင်ရသေးခင်တောက်လျှောက် အဖေဦးဆောင်တဲ့တပ်ဖွဲ့နဲ့ မြန်မာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတုန်းပဲ။ ကျွန်တော်တို့အိမ်က ဟော်ဆော်ထူးဟော်ရွာမှာပါ။ မြန်မာစစ် တပ်က အဲဒီမှာမနေရဲအောင် အမြဲလာရောက် ‌နှောက်ယှက်လေ့ရှိတယ်။ သုံးလေးရက်တစ်ကြိမ် ဖမ်းဆီးရေးဝင်နေတော့ ကျွန်တော်တို့ အဲဒီမှာမနေရဲတော့ဘူး။ ကျွန်တော်နဲ့ အဘွားနှစ်ယောက် ကတော့ ကျွန်တော်တို့အိမ်နဲ့ မီတာနှစ်ရာ၊သုံးရာလောက်ဝေးတဲ့ ဆွေမျိုးရဲ့သက်ကယ်အိမ်လေးမှာ နေရတယ်၊  ကျွန်တော်ရဲ့အမေကပထမအိမ်ထောင်)ကျွန်တော်ရဲ့အစ်မနဲ့ညီမကိုခေါ်ပြီး နယ်စပ် နားက ရှောင်လုချန်ရွာမှာ သက်ကယ်အိမ်တစ်လုံးနဲ့ စစ်ဘေးဒုက္ခကိုရှောင်တိမ်းနေထိုင် ခဲ့တယ်။

၁၉၆၆ခုနှစ်မှာ ရန်ကျဲန့်ယဲန့်နဲ့ကျွန်တော့်အဖေတို့ လက်တွဲဖြုတ်လမ်းခွဲခဲ့ကြတယ်။ ရန်ကျဲန့်ယဲန့် လက်တွဲဖြုတ်ရသည့်အကြောင်းအရင်းမှာ စော်ဘွားမျိုးနွယ်နှင့်သက်ဆိုင်မှုရှိတယ်။ ရန်ကျဲန့်ယဲန့် သည် စော်ဘွားခေါင်းဆောင်နှင့်အတူ ထိုင်းနိုင်ငံသို့ဆင်းလာပြီးနောက် စော်ဘွားခေါင်းဆောင်ကို သစ္စာဖောက်ခဲ့တယ်။ ရန်ကျဲန့်ယဲန့် ကိုးကန့်ဒေသသို့ပြန်ရောက်လာချိန်မှာ  ရန်ကျဲန့်ရွမ်လည်း သူနဲ့အတူ  ကိုးကန့်ကိုလိုက်လာခဲ့တယ်။ ရန်ကျဲန့်ယဲန့်မှစော်ဘွားခေါင်းဆောင်ကို သစ္စာဖောက်ခဲ့ တဲ့အကြောင်းကို ကျွန်တော့အဖေသိလိုက်ချိန်ကျမှ ရန်ကျဲန့်ရွမ်နှင့် အဆက်အသွယ်ပြုလုပ်ပြီး ချဉ်းကပ်ခဲ့တယ်၊ ရှေးစကားနဲ့ပြောရရင် “ဘုရင့်ဘက်တော်သား” ပုံစံမျိုးပေါ့ (ရယ်လျက်)။ အဖေက စော်ဘွားမျိုးနွယ်ရဲ့ သမိုင်းစဉ်ဆက် အုပ်စိုးသူအဆက်ဆက်ကို အမြဲစောင့်ရှောက် ကာကွယ်ပေးခဲ့သူ ဖြစ်တယ်။ သူ့ရဲ့အဓိက ရည်ရွယ်ချက်ကလည်း ကာကွယ်စောင့်ရှောက်ပေးဖို့ပဲ ဖြစ်တယ်။

နောက်တော့ ရန်ကျဲန့်ရွယ်ဟာ လျိုဟုမန်လဒေသတွင် အဖေနှင့်ပူးပေါင်းပြီး “ရှမ်းပြည်နယ် တော်လှန်ရေးတပ်မတော်-တပ်မဟာ(၅) ” ကိုဖွဲ့စည်းခဲ့တယ်။ ရန်ကျဲန့်ရွမ်က တပ်ခေါင်းဆောင်၊ အဖေက ဒုတိယတပ်ခေါင်းဆောင်၊ ကျွန်တော့နံပါတ်သုံးဦးလေး(ဖုန်ကြားဖူ)က တပ်ရင်း(၁၆)ရဲ့ တပ်ရင်းမှူးအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက တပ်ရင်း ၁၆၊၁၇၊၁၈ ဆိုပြီး တပ်ရင်းသုံး တပ်ရှိတယ်။ တပ်ဖွဲ့များကိုဖွဲ့စည်းပြီးနောက်မှာ ရန်ကျဲန့်ရွမ်က  အဖေနဲ့နံပါတ်သုံး ဦးလေးကို တပ်ဖွဲ့ကိုဦးဆောင်စေပြီး ရန်ကျဲန့်ယဲန့်ရဲ့ ကျန်ရှိနေသေးတဲ့စခန်းတွေကို အမြစ်ပြတ် ရှင်းလင်းဖို့ အမိန့်ပေးခဲ့တယ်။ အဲဒီအချိန်က ရန်ကျဲန့်ယဲန့်က ထိုင်းနိုင်ငံသို့ ဘိန်းတွေကိုသယ်ယူပို့ ဆောင်နေ တဲ့အချိန်ဖြစ်သည်။

|ကိုးကန့်ဒေသမြေပုံဟောင်း(ဖုန်ကြားရှင်၏ကိုယ်ရေးမှတ်တမ်း) ထဲမှ ထုတ်နှုတ်ထားခြင်း ဖြစ်သည်။

ရန်ကျဲန့်ယဲန့်မှ စော်ဘွားခေါင်းဆောင်ကို သစ္စာဖောက်ရသည့်အမှန်တရား မပေါက်ကြားသေးချိန် မှာ ထိုင်းနိုင်ငံကနေကိုးကန့်ကိုအရောက်ပြန်လာပြီး အဖေတပ်နဲ့သူ့ရဲ့တပ်ဖွဲ့တွေကို အတူချည် နှောင်ထားလိုက်တယ်။ အဖေကို ဒုတိယလက်ထောက်နေရာကို ပေးခဲ့တယ်။ အဖေက သူရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ရန်ကျဲန့်ယဲန့်ကိုအပ်နှံခဲ့ပြီး တောင်ပိုင်းထိုင်းနိုင်ငံသို့သွားရောက်၍ လက်နက်ဝယ်ယူစေခဲ့တယ်။ အဖေနဲ့ရန်ကျဲန့်ယဲန့်တို့ လက်တွဲဖြုတ်ပြီးချိန်မှာတော့ အဖေရဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးနီးပါး သူ့အနားမှာ ရှိမနေခဲ့ဘူး။ ဒါကြောင့် အဖေဟာ တပ်ခွဲတချို့ တလေနဲ့သာ ရန်ကျဲန့်ရွမ် ဘက်ကနေရပ်တည်ခဲ့ရတယ်။ ရန်ကျဲန့်ရွမ်မှ အဖေနှင့်နံပါတ်သုံး ဦးလေးကို ရန်ကျန့်ယဲန့်ရဲ့ စခန်းကိုအမြစ်ပြတ်ရှင်းလင်းဖို့နဲ့ သူ့ရဲ့အားအကိုးရဆုံး တိုက်စစ်မှူး ရန်ကျဲန့်ကျုံးကို ဟန်ထောင်တောမှာ ရှင်းပစ်ဖို့အမိန့်ပေးခဲ့တယ်။ အဲချိန်က လူလေးယောက်ခန့်ကို သတ်ဖြတ်ခဲ့တယ်။ ထွက်ပြေးလွှတ်မြောက်သွားသည့် စာပေးပို့ရန်သွားသည့်တပ်တစ်တပ်မှလွဲ၍ ရန်ကျဲန့်ယဲန့်ရဲ့တပ်ဖွဲ့အားလုံးလက်နက်ချခဲ့ရတယ်။
အဲဒီအချိန်ကစပြီး ရန်ကျဲန့်ယဲန့် ကမြန်မာတွေလက်အောက်ကို ဝင်ရောက်ခိုလှုံပါတော့တယ်။ မြန်မာစစ်တပ်နဲ့ လော်စစ်ဟန် တို့ရဲ့ “ကာကွယ်ရေးတပ်ဖွဲ့” နှင့်အင်အားပူးပေါင်းပြီး ကိုးကန့် ဒေသကို ပြန်လည်တိုက်ခိုက်ခဲ့တယ်။ မြန်မာစစ်တပ်နှင့်အတူပူးပေါင်းပြီး ကျွန်တော်တို့ (အဖေနဲ့ ရန်ကျဲန့်ရွမ်တပ်ဖွဲ့) ကိုဝိုင်းရံပိတ်ဆို့တိုက်ခိုက်ပါတော့တယ်။ အဲဒီအချိန်က ၁၉၆၇ခုနှစ် နွေဦးအချိန် ဆောင်းတွင်းကနေနွေတွင်းကိုကူးပြောင်းချိန် မတ်လနှင့်ဧပြီလကြားကာလအချိန် မှာဖြစ်တယ်။ ကျွန်တော်တို့ကို လျိုဟူရှောင်တျဲ့ဆည် နဲ့  မိုးနဲဆည် လမ်းကြောင်းတလျှောက်ဝိုင်းရံ ပိတ်ဆို့ပြီး တိုက်ခိုက်ပါတယ်၊ စစ်ပွဲဟာ ခြောက်လ၊ခုနှစ်လခန့် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး တပ်မတော်-တပ်မဟာ(၅)ရဲ့ လက်နက်ကျည်ဆံနှင့်အစာရေစာပြတ်လတ်သည့်အထိဖြစ်ခဲ့ရ တယ်။ နောက်တပ်ကြောင်းပံ့ပိုးမှု လုံးဝမရှိလို့ တကယ့်ကို ပင်ပန်းခက်ခဲခဲ့ရတယ်။ ကျန်းရှီး ဘက်မှာ KIA (ကချင်လက်နက်ကိုင်တပ်ဖွဲ့) နဲ့အတူရှိနေရင် ပိုမိုလုံခြုံတဲ့အတွက် အဖေက ရန်ကျဲန့်ရွမ်ကို ကျန်းရှီးသို့ပို့ဆောင်ပေးခဲ့တယ်။ ကိုယ်တိုင်ကတော့ ကိုးကန့်ဒေသမှာပဲ တပ်ဖွဲ့အချို့ ကိုဦးဆောင်ပြီး ရန်ကျဲန့်ယဲန့် နဲ့အပြန်အလှန် တင်းခံတိုက်ခိုက်နေခဲ့တယ်။

ဇူလိုင်လရောက်တော့ တရုတ်ပြည်နယ်စပ် ဘန့်ခုံရွာအပြင်ဘက်က လမ်ဘားကျိုင့်သို့ ပြောင်းရွေ့ခဲ့ သည်။တရုတ်ပြည် ကျိန့်ခမ်းခရိုင် မုံသွေးမြို့ ဘန့်ခုံကျေးရွာ ပြင်ပပတ်ပတ်လည်မှာရှိတဲ့ လီဆူရွာ လေးတစ်ရွာဖြစ်တယ်။  ဒီ လမ်ဘားကျိုင့်ဟာ မြန်မာနယ်မြေနဲ့တရုတ်နယ်မြေကို တစ်ဆက်တည်း ချိတ်ဆက်နေစေတယ်။(နယ်နိမိတ်မှာ ရှင်းရှင်းလင်းလင်းပိုင်းခြားထားခြင်းမရှိဘူး) မှတ်မိနေတာ ကတော့ လီဆူကျေးရွာဆိုတာပါပဲ။ အဲဒီကိုရောက်တော့ တရုတ်ပြည် လင်ချန်းစစ်တပ်က အဖေရဲ့သူငယ်ချင်းတစ်ယောက်ကို သွားရှာခဲ့ကြတယ်။ သူ့ဆီမှာအလုပ်လုပ်ပြီး အခြေအနေအ ရပ်ရပ်ကို ရှင်းပြခဲ့တယ်။

အဲဒါတွေပြီးတော့မှ ဖြန့်ကျက်ကွဲထွက်နေတဲ့ တပ်ဖွဲ့တွေ တဖြည်းဖြည်းစုစည်းမိပြီး အားလုံးကို တရုတ်ပြည်ထဲကို ခေါ်သွင်းခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက တပ်ဖွဲ့ဝင်အင်အားများလွန်းအား ကြီးလို့ ကွန်မင်တန်တပ်ဖွဲ့အချို့ရဲ့ သံသယမကင်းဖြစ်ခြင်းများကို ခံခဲ့ရတယ်။ တရုတ်ကွန်မြူနစ် ပါတီရဲ့ မူဝါဒတွေကိုနားမလည်နိုင်လို့ လူအများအပြားမှာကွန်မြူနစ်ထဲဝင်မိပြီးမှ ကိုးကန့်ကို ထွက်ပြေးပုန်းရှောင်ခဲ့ကြတယ်။ ဥပမာအနေနဲ့ပြောရရင် “မိသားစုအခြေအနေ”  လူနေမှုအဆင့် အတန်းမြင့်သူတွေအများစုဟာ စိုးရိမ်ကြောက်ရွံ့ကြပြီး ထွက်ပြေးကုန်ကြတယ်။ ဘာကြောင့်လဲဆို တော့ အဲဒီအချိန်တုန်းက ယဉ်ကျေးမှုတော်လှန်ရေး စတင်ဖြစ်ပွားချိန်ဖြစ်တယ်၊ တပ်ဖွဲ့ထဲက  တောင်သူလယ်သမားမှပေါက်ဖွားလာတဲ့ ကိုးကန့်လူမျိုးအများစုမှာ အပြစ်ရှာဝေဖန်ခံရမှာစိုးလို့ ကိုးကန့်ဒေသကို ထွက်ပြေးခဲ့ကြခြင်းဖြစ်တယ်။

ကျွန်တော်ကတပ်မနဲ့ဘယ်လိုပြန်ဆုံတွေ့ရတာလဲဆိုတော့  ကျွန်တော့အမေရယ်အစ်မရယ်ညီမ ရယ်က ရှောင်လုချန်ထဲရောက်နေပြီ။ အိမ်မှာ အသက်၇၀ကျော်အဘွားနှစ်ယောက်၊ အဖေရဲ့ အဘွားနဲ့ အိမ်ကိုစောင့်ရှောက်ပေးနေတဲ့ ကျွန်တော်ရဲ့နံပါတ်ခြောက်ဦးလေး ဖုန်ကြားဟွာ တို့ပဲရှိ တယ်။ နံပါတ်‌ခုနှစ်ဦးလေးက အဲတုန်းက အသက်၁၆နှစ်၊ ကျွန်တော်အသက်က ၁၀နှစ်ပဲ ရှိသေး တယ်၊ အဖေတို့တပ်ဖွဲ့တွေ တရုတ်ပြန်ဘန့်ခုံးကို ဝင်သွားပြီးလို့ ကျွန်တော်သတင်းကြားရတဲ့ အချိန်က ဂျူလိုင်လလယ်လောက်ရှိနေပါပြီ။ အဖေတို့တပ်ဖွဲ့ မုံသွေးကိုဝင်သွားပြီးနောက် တပ်ဖွဲ့ တစ်ချို့တစ်လေကို မုံသွေးမှာ ချန်ရစ်ခဲ့တယ်။ပြီးတော့ စွာပုချန်ရွာကနေထွက်လာပြီး ရှောင်လုချန် ဘက် ကိုကူးခဲ့တယ်။ ကျွန်တော်တို့တတွေကိုခေါ်ပြီး တရုတ်ပြည်ထဲကို ပြန်ဝင်ရောက်ခဲ့တယ်။ အဲဒီအချိန်ကျမှ ကျွန်တော်တို့ တပ်မနဲ့ပြန်ဆုံတွေ့နိုင်ခဲ့ခြင်းဖြစ်တယ်။

ဘန့်ခုံးကို အဖေပြန်ရောက်တော့ ရန်ကျုံးဝေကို လူတစ်ချို့အားဦးဆောင်စေပြီး လုပ်စရာရှိသည့် ကိစ္စရပ်များကို လက်စသတ်စေတယ်။ နယ်စပ်မှာရှိတဲ့ မိသားစုဝင်တွေ၊ ကွဲကွာဖြန့်ကျက်နေတဲ့ စစ်သားတွေထဲမှ ခေါ်သင့်တဲ့သူကိုပြန်လည်ခေါ်ယူခိုင်းခဲ့တယ်။ ရန်ကျုံးဝေလည်း ရှောင်လူချန် ကိုဆင်း လာပြီး ရက်ပိုင်းလောက်နေသွားခဲ့တယ်၊ ရန်မို့လျန်လည်း အဲဒီအချိန်တုန်းက တရုတ်ပြည် ထဲကိုခေါ်သွင်းသွားတာဖြစ်တယ်။

အဖေကျွန်တော်တို့ကိုလာကြိုတဲ့နေ့က ၁၉၆၇ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့၊ ပြည်သူ့လွှတ်မြောက် ရေးတပ်မတော်က သူ့ကိုကာကွယ်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်တယ်။ နယ်စပ်မြစ်ကြောင်းရဲ့ မျက်နှာ ချင်းဆိုင် မြစ်ကမ်းတောက်လျှောက် ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်ရဲ့တပ်စခန်းတွေချည်းပဲ၊ ကျွန်တော်လည်း အဲဒီအချိန်ကျမှ တရုတ်ပြည်ကိုဝင်ခဲ့ခြင်းဖြစ်တယ်။ မုံသွေးအထိ ဝင်သွားပြီး ထန်ရှီကုန်း အထိအရောက်သွားပြီး သင်တန်းတတ်သင်ယူလေ့လာလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရ တယ်။ ကျွန်တော် အဲဒီမှာ လေးငါးလလောက်ကြာသွားတယ်။ နောက်တော့ တပ်ဖွဲ့အချို့ လင်ချန်း ကို လာရောက်လေ့လာခဲ့တယ်။ အဖေက ကျွန်တော့ကို ဖုန်မူရှမ်းကိုပို့ပြီး  ပြည်သူလွှတ်မြောက် ရေးတပ်မတော်နဲ့ အတူ ကျောင်းတတ်စေခဲ့တယ်။ အဲချိန်တုန်းက ကျွန်တော်အသက်ငယ်ငယ် လေးပဲရှိပါသေးတယ်။

|၁၉၇၉ခုနှစ် ဖုန်ကြားရှင်သည် မြန်မာကွန်မြူနစ်ပါတီ၏အကြီးတန်းအဆင့်အနေဖြင့် တရုတ်နိုင်ငံ၏ပညာသင်ကြားရေးကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။ နောက်ခံအ ဆောက်အဦးမှာ “ကြယ်စင်မီးတောက်” ဆိုသည့်စာလုံးကို ရှင်းရှင်းလင်းလင်းမြင်တွေ့ နိုင်သည်။ (ဖုန်ကြားရှင်ကိုယ်ရေးမှတ်တမ်းမှဓာတ်ပုံကို ကောက်နှုတ်ထားသည်)

မှတ်မိသလောက်တော့ ၁၉၆၅ခုနှစ် ကနေ ၁၉၆၇ခုနှစ်အထိက အခက်အခဲအကြမ်းတမ်းဆုံး၊ အန္တရာယ်အများဆုံး အချိန်ကာလပါပဲ၊ အချိန်မရွေးအခြေအနေအပြောင်းအလဲ ဖြစ်နိုင်လို့ ညဘက် တွေတောင် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဲဘူး။ မြန်မာစစ်တပ်ရန်တင်မက “ကာကွယ်ရေးတပ်” ရန်ကလည်းရှိသေးတယ်၊ ဒါ့အပြင် အဲဒီဒေသကသူခိုးဓားပြရန်ကလည်းကြောက်ရသေးတယ်။ နောက်ပိုင်းကျမှ သူခိုးဓားပြတွေ တဖြည်းဖြည်းလျော့နည်းသွားချိန်မှာ ရန်ကျဲန့်ယဲန့် အဖွဲ့ရဲ့ အန္တရာယ်ကို ကာကွယ်ရပြန်တယ်။ လော်စစ်ဟန်ရဲ့အင်အားကို အဲတုန်းက အဲဒီလောက်မစိုးရိမ် သေးဘူး။ သူ့အင်အားအဲဒီလောက်မတောင့်တင်းဘူး။ နယ်စပ်ဒေသအထိကို အနှောက်အယှက် ပေးနိုင်လောက်တဲ့ အင်အားလည်းသူ့မှာမရှိသေးဘူး။ ရန်ကျဲန့်ယဲန့်အဖွဲ့ရဲ့ရန်ကိုပဲ စိုးရိမ်စရာ ရှိတယ်။ အထူးသဖြင့် ရန်ကျဲန့်ယဲန့်နဲ့ အဖေ တို့လက်တွဲဖြုတ်ပြီးနောက်မှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်း၊ “ကာကွယ်ရေးတပ်ဖွဲ့”နဲ့လည်း တပူးပူးတတွဲတွဲဆိုတော့ အဲလိုစိုးရိမ်ကြောက်ရွံ့ရတဲ့အ ချိန်ကာလက နှစ်ဝက်ခန့်ကြာမြင့်ခဲ့တယ်။


—-ကျွန်တော်တို့အပေါ်အဖေရဲ့သင်ကြားညွှန်ပြမှု

ငယ်ငယ်တုန်းကတော့ အဖေက ကျွန်တော်နဲ့ရှင်းချွင်း (လင်မင်ရှန်အမျိုးသမီး)နှစ်ယောက်အပေါ် မှာ တော်တော်လေးဂရုစိုက်တယ်။ ကျွန်တော်တို့နှစ်ယောက် ပညာသင်ကြားနိုင်အောင် အကြံအ မျိုးမျိုးထုတ်သုံးခဲ့တယ်။ တရုတ်ပြည်ထဲကိုဝင်ရောက်လာပြီးနောက်မှာလည်း အဖေက ကျွန်တော် တို့နှစ်ယောက်ကို ပညာသင်ပေးဖို့ တရုတ်ခေါင်းဆောင်တွေကို တောင်းဆိုခဲ့တယ်။ ကျွန်တော်က တရုတ်ပြည် ဖုန်မူရှန်းမှာ ပညာသင်ယူခဲ့တာဖြစ်ပြီး မြန်မာကွန်မြူနစ်ပါတီမှ အဖေတို့ကိုးကန့်ကို လွှတ်ငြိမ်းခွင့်ပေးလိုက်တဲ့အချိန်ကျမှ ဟုန်အိုင်မြစ်ကို ပြန်လာခဲ့ခြင်းဖြစ်တယ်။ အဲရောက်တော့ အဖေက ကူမင်းကပညာတတ်လူငယ်နှစ်ယောက်ကိုခေါ်ပြီး ကျွန်တော်နဲ့ရှင်းချွင်းကို ပညာဆက် လက်သင်ပြပေးတယ်။

ကူမင်းကလာတဲ့ ပညာတတ်လူငယ်နှစ်ယောက် အခုဘယ်ရောက်နေလဲဆိုတာတော့ မသိတော့ ဘူး။ ကျွန်တော် သူတို့နှစ်ယောက်ကို ပြန်ရှာကြည့်ချင်ခဲ့သေးတယ်။ ၁၉၇၀ခုနှစ်လား? (ဇာတ်လမ်းပြောသူကိုယ်တိုင်  ခုနှစ်အတိအကျ မမှတ်မိတော့ပါ) မတိုင်ခင်နဲ့ပြည့်ပြီးနှစ်ဝက် အကြာလောက်ဖြစ်မယ်ထင်တယ်၊ ဟော်စော်ထူးဟော်ရွာလေးမှာ အလယ်တန်းကျောင်းကို ရုတ်တရက် ဖွင့်လှစ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ဒီပညာတတ်နှစ်ယောက်က အချင်းချင်းအငြင်း ပွားကြလို့ သူတို့နှစ်ဦးစလုံးကို တရုတ်ပြည်ကိုပြန်လည်ပို့ဆောင်ခဲ့တယ်။ နောက်တော့ ရန်ကျဲ့ လို့ခေါ်တဲ့ ဆရာကိုခေါ်ပြီး ကျွန်တော်တို့ကို ပညာဆက်လက်သင်ပြစေခဲ့တယ်။ ဆရာလည်း ကူမင်းပြည်နယ်သားဖြစ်တယ်။ ဆရာလည်း နောက်ပိုင်းကျတော့ ဝပြည်နယ် မိုင်းပြင်းမြို့တွင် “ရှေ့တွင်ပြောဆိုပြီးကိစ္စရပ်” ကြောင့် ထွက်ပြေးပုန်းရှောင်ခဲ့တယ်။ အခုတော့ မေမြို့ (မြန်မာ ပြည်ရဲ့ဒုတိယမြို့တော်မန္တလေးမြို့နဲ့ကပ်လျက်မြို့)မှာနေထိုင်နေတယ်။

|ဖုန်ကြားရှင်၏ ၇၀ခုနှစ်တုန်းက ဓာတ်ပုံဟောင်း (ဖုန်ကြားရှင်ကိုယ်ရေးမှတ်တမ်းမှ ဓာတ်ပုံကို ကောက်နှုတ်ထားသည်)


၁၉၇၂ခုနှစ်နှစ်ကုန်ပိုင်းမှာ စုံစမ်းမေးမြန်းရေးအဖွဲ့ (ဇာတ်ကြောင်းပြောသူမှ မည်သည့်အဖွဲ့လို့ ရှင်းရှင်းလင်းလင်းမပြောပါ။ ထိုအချိန်တုန်းက တရုတ်ကူမင်တန်မှ မြန်မာကွန်မြူနစ်ပါတီ ကို စုံစမ်းမေးမြန်းဖို့လွှတ်လိုက်သည့်အဖွဲ့  ဖြစ်နိုင်ချေရှိသည်။)  ပြည်တော်မပြန်ခင်ကာလအတွင်း အဖေက ကျွန်တော်တို့ရဲ့ပညာသင်ကြားရေးပြဿနာတွေကို စုံစမ်းမေးမြန်းရေးအဖွဲ့အား အကျိုး အကြောင်းပြောပြခဲ့တယ်။ နောက်တော့ တရုတ်နိုင်ငံ ယူနမ်ပြည် လင်ချန်းမြို့ကို သွားရောက် ပညာသင်ခွင့်ကို ကျွန်တော်ရရှိခဲ့တယ်။ ရှင်းချွင်းလည်း ကျွန်တော်နဲ့အတူတူ သွားရောက်ပညာ သင်ခဲ့တယ်။ ကျွန်တော်အမြင်မှာတော့ အဖိုးကြီး (ဖုန်ဒယ်ရိန်မှ အဖေအပေါ် ခေါ်ဆိုနေကျ အခေါ် အဝေါ်) က ကျွန်တော်တို့မောင်နှမအပေါ် တော်တော်အလေးထားဂရုတစိုက်ရှိရှိ ပြုစုပျိုးထောင် ပေးခဲ့တာကို တွေ့ရတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ယဉ်ကျေးမှုတော်လှန်ရေး အချိန်ကာလ လည်းဖြစ်တော့ပညာကိုကောင်းကောင်းမသင်ကြားနိုင်ခဲ့ပါဘူး။
(အချိန်အတော်ကြာ နှုတ်ဆိတ်နေပြန်တယ်)…..

|မဟာမိတ်တပ်ဖွဲ့ တပ်မှူးဖုန်ဒယ်ရိန် (၂၀၁၁ခုနှစ်တွင်ရိုက်ကူးထားသည်)

သက်ဆိုင်မှုမရှိကြောင်းရှင်းလင်းချက်။          ။ မူရင်းဆောင်းပါးထဲရှိ“ဇာတ်ကြောင်းပြောပြသူ၏ စကားပြော” တွင် ဒေသစကားလုံးအသုံးအနှုန်းများစွာပါရှိနေသည်။ စာဖတ်သူများ လွယ်လွယ်ကူကူ ဖတ်ရနားလည်စေရန် အဓိပ္ပါယ်နားလည်မှုလွဲမှားနိုင်သော၊ အကြိမ်ကြိမ်ထပ်နေသော စကားလုံးများ၊ ဝါကျများ ကိုအနည်းငယ် ဖျောက်ထားပါသည်။ (တာဝန်ယူတည်းဖြတ်သူ/ကူဖုန်း)

တရုတ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုသည်။

မူရင်း Link

https://mp.weixin.qq.com/s?__biz=MzAxMzMxNjI4NQ==&mid=2650404677&idx=1&sn=0b18e78915a1c0a61973ea775eaf5ad1&chksm=83a92e97b4dea7815d3b1192c66828fc87135e813a65d11ede1c7eedae67061aa54660e12aa8&scene=126&sessionid=1590118445#rd